စာရေးဆရာများ၏ကိုယ်တိုင်ရေးမှတ်တမ်းအကျဉ်း
စာရေးဆရာများ၏ကိုယ်တိုင်ရေးမှတ်တမ်းအကျဉ်း
ဘုန်းပညာ(ညောင်လေးပင်) ခေါ် ဦးပညာသိရီသည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မြို့မ ၅ ရပ်ကွက်၊ ရွှေဟင်္သာလမ်းနေ (ဦးမောင်မြင့်) + ဒေါ်ခင်ရဲလွင်တို့မှ ၁၃၄၆ ခု၊ ဝါခေါင်လဆုတ် (၁၂) ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့သည်။ သားသမီး ၆ ယောက်အနက် အငယ်ဆုံး သားရတနာဖြစ်သည်။ ၉ နှစ်သားအရွယ်တွင် ညောင်လေးပင်မြို့၊ ကုသိနာရုံပါဠိသိပ္ပံကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တတေဇိန္ဒမဟာထေရ်မြတ်ကို ဥပေဇ္ဈာယ်ပြု၍ သာသနာ့ဘောင်သို့ စတင်ဝင်ရောက်ခဲ့သည်။ ဆရာသမားထံတွင် ပရိယတ္တိအခြေခံပညာများကို သင်ကြားပြီးနောက် ပရိယတ္တိစာသင်တိုက်ကြီးများကို သွားရောက်ကာ နိုင်ငံတော်အစိုးရ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းနှင့် ဓမ္မာစရိယဘွဲ့ တို့ကို အောင်မြင်တော်မူခဲ့သည်။ ထို့နောက် ဗုဒ္ဓတက္ကသိုလ်များတွင် ဆက်လက်ပညာဆည်းပူးကာ Diploma, B.A, M.A, M.Phil ဘွဲ့များကို အောင်မြင်တော်မူပြီးနောက် Ph.D(ဒေါက်တာ) ဘွဲ့ယူစာတမ်းအတွက် ကျမ်းပြုစုနေလျက် ညောင်လေးပင်မြို့၊ ပါဠိသိပ္ပံကျောင်းတွင် သီတင်းသုံးတော်မူလျက်ရှိပါသည်။
အရှင်သည် ပရိယတ္တိစာသင်တိုက်ကြီးများ၏ နှစ်ပတ်လည်မဂ္ဂဇင်းများ၊ ဗုဒ္ဓတက္ကသိုလ်များ၏ မဂ္ဂဇင်းများ၊ စာစောင်များတွင် "ရွှေဤကိုယ်(ညောင်လေးပင်)", "အရညဝါသီဘိက္ခု", "သီတဂူတက္ကသိုလ်သျှင်သီရိ", "ပညာသီရိ(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်)", "ဦးပညာ(သီတဂူ)", ဦးပညာ(ဓမ္မဒူတ)", ပညာသိရီ(ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်)", "ဘုန်းပညာ(ညောင်လေးပင်)" စသော ကလောင်အမည်များဖြင့် ရေးသားခဲ့ပါသည်။ www.upanna.com တွင် ရှုပါ။
ဒေါက်တာမြင့်သန်း(ညောင်လေးပင်) သည် ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်နေ သမာဓိမြို့ဝန် ဦးဘိုးကြန် + ဒေါ်တင်မေတို့မှ ၂၇/၃/၁၉၅၂ တွင် မွေးဖွားပါသည်။ မွေးချင်းခြောက်ယောက်တွင် ပဉ္စမမြောက်ဖြစ်သည်။ ပဲခူးမြို့၊ အမှတ် ၃ အထက်တန်းကျောင်း(ယခင် အမျိုးသားတန်း မြင့်ကျောင်း)တွင် အခြေခံပညာများကို သင်ကြားခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ မန္တလေးဆေးတက္ကသိုလ်နှင့် ရန်ကုန်ဆေးတက္ကသိုလ် (၂ )တို့တွင် ဆက်လက်ပညာသင်ကြားခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ဆေးတက္ကသိုလ် (၂)မှ ဆေးပညာဘွဲ့ M.B.B.S ရရှိခဲ့သည်။ ၁၉၈၂ နှစ်မှစ၍ ကျန်းမာရေးဦးစီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့တွင် ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လုပ်သက်ပြည့်အငြိမ်းစားယူခဲ့သည်။ ၁၉၉၅ ခုနှစ်မှစ၍ စာပေများ ရေးသားခဲ့ရာ လုံးချင်းစာအုပ် ၃၅ အုပ် ထုတ်ဝေပြီးဖြစ်သည်။ စာပေဗိမာန်စာမူဆု (၉) ဆု ရရှိခဲ့ပါသည်။ Health for all မဂ္ဂဇင်းတွင် အယ်ဒီတာချုပ်၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းတို့တွင် ဗဟိုအလုပ်အမှုဆောင် အဖြစ်လည်း ဆောက်ရွက်ပါသည်။ ယခုအခါ ဇနီး ဒေါ်စုစုမွှေး၊ သားသမီး မိသားစုနှင့်အတူ ညောင်လေးပင်မြို့တွင် နေထိုင်လျက်ရှိပါသည်။
၂၁.၉.၅၄ ခုနှစ်တွင် ညောင်လေးပင်မြို့၌ မွေးဖွားခဲ့သည်။ B.Sc(Phys) B.Ed ဘွဲ့ရပြီးနောက် ၂၀၂၀ ခုနှစ်၊ တက္ကသိုလ်ရာပြည့်ကဗျာပြိုင်ပွဲတွင် အထူးဆုရရှိခဲ့ပါသည်။ လက်ရှိ စာရေးဆရာအသင်း ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
စိုးလွင်ဝင်း (ပြွန်တန်ဆာ) ခေါ် စာရေးဆရာ ဦးစိုးလွင်သည် ဒိုက်ဦးမြို့နယ်၊ စစ်ဗိုလ်ကြီးကျေးရွာတွင် မွေးဖွားပြီး ပြွန်တန်ဆာမြို့တွင် ငယ်စဉ်ကတည်းက နေထိုင်ပါသည်။ ဥပဒေဘွဲ့ရဖြစ်ပြီး ကျေးသားဘဝမှ စတင်၍ကဗျာများကို မဂ္ဂဇင်းစာစောင်များတွင် ရေးသားခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲမှူး(အငြိမ်းစား)ဖြစ်ပြီး မှုခင်းဝတ္ထုတိုများ ရေးသားခဲ့သည်။
ဦးဝင်းကြည်သည် အထက်တန်းပြ ဆရာတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် "တို့တောရွာ" ကဗျာဖြင့် စာပေနယ်သို့ ရောက်ရှိခဲ့သည်။ ယခုအခါတွင် စာပေရေးသားလျက်ရှိပါသည်။
ဦးထင်ကျော် သည် ၁၉၈၁ အောက်တိုဘာ ၁၇ ရက်နေ့တွင် ပဲခူးတိုင်း ညောင်လေးပင်မြို၌ မွေးဖွားခဲ့ပြီး မွေးချင်း ၈ ဦးအနက် ဆဌမမြောက်သား ဖြစ်သည်။ အထက်တန်းစာမေးပွဲကို ၁၉၉၉ ခုနှစ်တွင် အထက (၁) ညောင်လေးပင် မှ မြန်မာစာအပါအဝင် (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန် ဆေးဘက်ပညာသည်တက္ကသိုလ်၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တိုတွင် တက်ရောက်ခွင့်ရရှိ၍ ကျောင်းအပ်ခဲ့သော်လည်း တောင်ငူ GTC ၌သာ တက်ရောက်ဖြစ်ခဲ့ပြီး AGTI (Civil) Diploma ရရှိခဲ့သည်။ ငယ်စဥ်ကျောင်းသားဘဝကပင် ဗုဒ္ဓစာပေနှင့် ကျောင်းသားစာပေပြိုင်ပွဲများစွာကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။
၁။ ၂၀၁၅ တွင် (နောက်ဆုံးတော့ရွှေဘပဲ နိုင်မှာပါ)၊
၂။ ၂၀၁၆ တွင် (စင်ကာပူသို အလည်နှင့်အလုပ်ရှာလာခြင်း)၊
၃။ ၂၀၁၈ တွင် (တစ်ခါက ကာတာမှာနှင့် နိုင်ငံရပ်ခြားစာစုများ)
၄။ ၂၀၁၉ တွင် (တစ်ခါက မလေးရှား)၊
၅။ ၂၀၂၀ တွင် (စင်ကာပူက မိန်းကွန်းအင်ဂျင်နီယာ) စာအုပ်များကို ရေးသားထုတ်ဝေခဲ့ပြီး စင်ကာပူသို အလည်နှင့်အလုပ်ရှာလာခြင်း စာအုပ်သည် ရန်ကုန် စာပေလောကစာအုပ်ဆိုင်များ၏ တစ်ပတ်အတွင်း အရောင်းသွက် ၁၀ အုပ်စာရင်း ဝင်ခဲ့ကာ စင်ကာပူသိုအလုပ်ရှာသွားလိုကြသော လူငယ်များအတွက် အသုံးတည့်သော စာအုပ်ငယ်ဖြစ်ခဲ့သည်။ ဘုန်းကြီးကျောင်းသားဘဝ၊ ကျူရှင်ဂိုက်ဆရာဘဝ၊ ကောလိပ်ကျောင်းသားဘဝ၊ စက်မောင်းစက်ပြင် ကျွမ်းကျင်လုပ်သားဘဝ၊ ဟိုတယ်သန့်ရှင်းရေး လုပ်သားဘဝ၊ ရန်ကုန်လမ်းဘေးစျေးသည်ဘဝ၊ ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီ အင်ဂျင်နီယာဝန်ထမ်းဘဝ၊ ပြည်ပဆောက်လုပ်ရေးကုမ္ပဏီ အင်ဂျင်နီယာဝန်ထမ်းဘဝ၊ ပြည်တွင်း ကိုယ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်ဘဝ၊ အရောင်းအဝယ်စျေးသည်ဘဝ၊ စားသောက်ဆိုင်လုပ်ငန်းရှင်ငယ် ဘဝ စသဖြင့် ဘဝမျိုးစုံဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု မှတ်ပုံတင်အင်ဂျင်နီယာ၊ Registered Engineer RE (Construction) တစ်ဦးလည်းဖြစ်သည်။ စင်ကာပူနိုင်ငံမှ BCSS ခေါ် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စူပါဗိုက်ဇာလက်မှတ်လည်း ရရှိထားသည်။ အိမ်ထောင်ရှိပြီး သမီး နှစ်ဦးရှိပါသည်။ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဆောက်လုပ်ရေးကုမ္ပဏီ ဆိုဒ်မန်နေဂျာအနေဖြင့် လုပ်ကိုင်လျှက်ရှိကာ ပြည်ပလူမှုဘဝ အတွေ့အကြုံ နှင့် ပြည်ပ ဆောက်လုပ်ရေးအတွေ့အကြုံ များကို ရေးသားမျှဝေလျှက်ရှိသည်။
ဦးလှမြင့်သည် ၈.၆.၁၉၆၁ တွင်ဖွားမြင်သည်။ အနောက်ဇီးကန်ရွာ၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ၂၀၂၁ မှ ၂၀၂၀ အထိ မြို့နယ်ရွေးကောက်ပွဲံ ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ်မှ၍ ညောင်လေးပင်ခရိုင်စီမံခန့်ခွဲရေးးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။
ဦးဌေးနိုင်သည် ၁၉၈၆ − ၈၇ ခုနှစ်တွင် ဆာဘေးကျေးရွာ 'အ.မ.က' တွင် ဆရာအဖြစ် ၄ နှစ်တာဝန်ယူ၍ ၁၉၉၀−၉၁ ခုနှစ်တွင် စံကျောင်းစုကျေးရွာတွင် ကျောင်းဆရာအဖြစ် ၄ နှစ်တာဝန်ယူခဲ့သည်။ ယခု လျှပ်စစ်ပစ္စည်းအမျိုးမျိုးပြိုင်ခြင်းဖြင့် အလုပ်လုပ်လျက်ရှိပြီး ညောင်လေးပင်မြို့နယ်၊ စာရေးဆရာအဖွဲ့ဝင်ကာ စာပေများလေ့လာဝေမျှလျက်ရှိပါသည်။